ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁)ဦး ထပ်မံတွေ့ရှိ

ရှားတော စက်တင်ဘာ ၂၃

ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre မှ အမျိုးသား(၁)ဦး အား ယမန်နေ့ နံနက်ပိုင်းက RDT Test Kit စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့သူ အမျိုးသားသည် စက်တင်ဘာ(၁၆)ရက်နေ့က လွိုင်ကော်မြို့ နမ်းကွတ် ရပ်ကွက်မှ ရှားတောမြို့နယ်၊ ပွန်ချောင်ကျေးရွာသို့ ရောက်ရှိလာပြီး နမ်းကွတ်ရပ်ကွက်နေသူ (၃)ဦးနှင့်အတူ (၅)ရက်ခန့် နှမ်းခြံလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် ၄င်းတစ်ဦးတည်း ပွန်ချောင်းမှ ဆိုင်ကယ်ဖြင့် တောင်ပိုင်းကျေးရွာအုပ်စု‌၊ ဒေါဆိုဆကျေးရွာကို ရောက်ရှိကာ ထိုမှတစ်ဆင့် ခြေလျင်ဖြင့် ရှားတောမြို့သို့ရောက်ရှိပြီး အလယ်ပိုင်းကျေးရွာအုပ်စု၊ ဆေးကိုလဲကျေးရွာရှိ သူငယ်ချင်းအိမ်တွင် တစ်ညအိပ် တည်းခိုခဲ့ကြောင်း၊ ကျေးရွာ တာဝန်ခံက အခြားမြို့နယ်မှလာသူကို လက်မခံသဖြင့် အကျိုးအကြောင်းပြောပြကာ စက်တင်ဘာ(၂၁)ရက်နေ့ (၁၀)နာရီခွဲတွင် ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Quarantine Centre သို့ ဝင်ရောက်စေခဲ့ပြီး ယမန် နေ့(၁၁)နာရီအချိန်တွင် RDT Test Kit စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာနှင့် နှမ်းခြံတွင် အတူအလုပ်လုပ်ခဲ့သူများအား နှမ်းခြံတွင်(၂)ပတ် သီးသန့် နေထိုင်စေခြင်း၊ ၄င်းဈေးဝယ်ယူခဲ့သည့် ဈေးဆိုင်အား (၂)ပတ်ပိတ်၍ Home Quarantine နေစေခြင်း၊ ၄င်းတည်းခိုခဲ့သည့် နေအိမ်အား Lockdow (၂)ပတ်ချထားခြင်းနှင့် ၄င်းနှင့် ထိတွေ့ခဲ့သူ များအား RDT Tesk Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာအား ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ Positive Centre သို့ လွှဲပြောင်း၍ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ထွန်းအောင်