ရှားတော စက်တင်ဘာ ၂၂
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ရှားတောမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြောက်ပိုင်းကျေးရွာအုပ်စု၊ ဒေါ်လဲဒူကျေးရွာ ဆေးပေးခန်းတို့ တွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်က ဦးဆောင် ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ မြောက်ပိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသော ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ ဆီးချိုသွေးချို စသည့် ရောဂါ များ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည်
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဒေါ်လဲဒူကျေးရွာ ဆေးပေးခန်း၌ ဒေါလဲဒူကျေးရွာနှင့် ဒေါကလော်လဲကျေးရွာမှ ပြည်သူ(၈၀)ဦးကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူ (၂၀)ဦးကိုလည်းကောင်း ထိုးနှံပေးနိုင်ခဲ့ပြီး ရှားတောမြို့နယ်တွင် စက်တင်ဘာ(၂၁)ရက်နေ့အထိ ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေး စုစုပေါင်း(၃၂၀)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)