ငါးသိုင်းချောင်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ကြက်ခြေနီ အသင်းခွဲငယ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကင်ပွန်းချဉ်ကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ကင်ပွန်းချဉ်ကုန်း ကျေးရွာအတွင်းနှင့် လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်းမ၊ ကင်ပွန်းချဉ်ကုန်း ကျေးရွာလမ်းဆုံရှိ ကျေးရွာနေပြည်သူများ၊ နေအိမ်များ၊ ဆက်သွယ်သွားလာ လျက်ရှိသည့် ပြည်သူများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး Hand speaker ဖြင့် လိုက်လံအသိပေး ကြေငြာခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျေးရွာနေပြည်သူများသို့ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်ရေ (၁၅၀)ကိုလည်း ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)