ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပညာပေး ကြေညာခြင်း ဆောင်ရွက်

ဝေါ စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့က ကြီးကြပ်မှုဖြင့် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် ယနေ့စက်တင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းက လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များအား အများပြည်သူသိရှိစေရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြပါသည်။

အဆိုပါ အသိပေး နှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန် ၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါ ဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန် ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျဆေးကြောရန် ၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်း အသုံးများသော အခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင် များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများ ရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားကြရန် ၊ မိမိနေအိမ်တွင်သာ  ဝယ်ယူစားသောက်ခြင်းပြုကြရန် ၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် မိသားစုအတွင်း ဖျားနာသူများ ရှိပါကအိမ်တွင် နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါ ကြေညာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းကို အများပြည်သူ သိရှိလိုက်နာနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် နှိုးဆော်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်မြတ်လင်း