ကျုံပျော် သြဂုတ် ၁၅
ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရန်နှင့် ငါးမျိုးပြန်းတီးမှုမရှိစေရန် ရည်ရွယ်၍ စပါးခင်းအတွင်းသို့ ငါးသားပေါက် ကောင်ရေ(၆၉၀၀၀)အား စုပေါင်း ငါးမျိုးစိုက်ထည့်ခြင်းကို ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် မြေရဲမြောက်ကွင်းအတွင်း၌ ယမန်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး ထိုင်းငါးခုံးမ အကောင်ရေ (၁၉၀၀၀)နှင့် ရွှေဝါ ငါးကြင်း အကောင်ရေ(၅၀၀၀၀) တို့အား စုပေါင်းစိုက်ထည့်ခဲ့ကြသည်။
ယခုကဲ့သို့ စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းမှာ စပါးလည်းရ၊ ငါးလည်းရအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် စပါးစိုက်ဧက ၁၃၈ ဧက အတွက် တစ်ဧကလျှင် ငါးအကောင်ရေ (၅၀၀) နှုန်းဖြင့် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၆၉၀၀၀) ကို စုပေါင်းစိုက်ထည့်ခဲ့ကြောင်း၊ ယခုစိုက်ထည့်သော ငါးမျိုးများသည် လယ်များမှတစ်ဆင့်ချောင်း၊ မြောင်းများအတွင်းသို့ရောက်ရှိ၍ လယ်သမားနှင့် ဒေသခံပြည်သူများ ငါးရိက္ခါ ပိုမိုစားသုံးနိုင်မှာဖြစ်ကြောင်း၊ ငါးသယံဇာတ ဖူလုံရန်အတွက် နှစ်စဥ်လည်း ငါးလုပ်ငန်း ဦးစီးဌာနက ဦးဆောင်ပြီး အင်းချောင်းနှင့်သဘာဝရေပြင်များအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိကြောင်း၊ ငါးမျိုးပြုန်းတီးမှု မရှိစေရေးအတွက်လည်းတရားမဝင် ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီမှုများကို စစ်ဆေးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်က ပြောကြားသည်။
ကျုံပျော်မြို့နယ်တွင် ဂရန်အင်းပေါင်း (၃၀) ရှိပြီး နိုင်ငံဘဏ္ဍာအဖြစ် ယခုနှစ်တွင် ကျပ်သိန်းနှစ်သောင်းလေးထောင်ကိုးရာကိုးဆယ်ကျော် (၂၄၉၉၀၂၀၀၀) ကိုရှာဖွေပေးနိုင်ခဲ့ကြောင်း၊ အင်းရဲကြီးအင်းနှင့် ရှားခဲကြီးအင်းများ ကဲ့သို့ ငါးများစွာထွက်သော အင်းကြီးများလည်းရှိသောကြောင့် ဒေသအတွင်းငါးစားသုံးမှုဖူလုံပြီး အခြားမြို့ ကြီးများ သို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)