ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများ အား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

 

ပေါင်    စက်တင်ဘာ ၂၀

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို ယနေ့ နံနက် ၉နာရီက ဒုတိယအသုတ်အ​​နေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၁၀)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂၆ ရက်နေ့အထိ ပြည်သူလူထုများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးနေခြင်း ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် ပေါင်မြို့နယ်တွင် စုရပ်(၁၀) နေရာ သတ်မှတ်ကာ သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ အသက် ၅၅ အထက်ရှိသူများနှင့် ပြည်သူများကို ဦးစားပေးသတ်မှတ်ချက်အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးခဲ့ကြသည်။

 

ပေါင်မြို့နယ်အတွင်းရှိ စုရပ်နေရာအသီးသီးတွင် ဒုတိယအသုတ် ကာကွယ်ဆေးစတင်ထိုးပေးသည့် နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်န့အထိ ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ပြည်သူ (၁၆၇၇၀)ဦးကို ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်မှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးထိုးနှံ နေသူများအား အားပေးစကားပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ရပ်ကွက်/ကျေးရွာအသီးသီးရှိ သတ်မှတ်စုရပ်များ တွင် ထိုးနှံပေးလျက်ရှိရာ ပထမအသုတ်အနေဖြင့် ပေါင်မြို့နယ်ရှိ ပြည်သူလူထု (၉၁၅၈)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

 ဝဏ္ဏမောင်(ပြန်/ဆက်)