မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှု

ပခုက္ကူ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ယမန်နေ့  နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ လိုက်ပါပြီး နံနက် ၁၀နာရီအချိန်တွင် ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို သွားရောက်စစ်ဆေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု၊ ဆေးဝါးရရှိမှုနှင့် နှစ်၊ လ၊ ရက်များအလိုက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးနေမှု အခြေအနေတို့ကို စစ်ဆေးမေးမြန်းရာ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ လိုက်လံကြည့်ရှု စစ်ဆေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အာဟာရဖြည့်အစား အသောက်များပေးဝေကာ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးဝန်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက် ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကွန်းရွာအုပ်စု၊ ရွှေတန့်တစ်ကျေးရွာရှိ ရွှေတန့်တစ်ရက္ခန် ဘုရားအား သွားရောက်ဖူးမျှော်ကြပြီး ရွှေတန့်တစ်ကျေးရွာ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုကာ ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ကြသည်။

ထို့အပြင် ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ရွှေတန့်တစ်ကျေးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်သည့် မြို့နှင့်ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း အခြေအနေနှင့် ပခုက္ကူခရိုင်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကြီးရွာမြစ်ရေတင်ဖြင့် နွေ၊ မိုးဆောင်း၊ စပါးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးသည့် တောင်သူများအား နှစ်စဉ်ရေပေးဝေနိုင်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လုပ်ငန်း အသေးစိတ်ဆောင်ရွက်ချက်များကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။

အဆိုပါဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိ အခြေအနေများ ကွင်းဆင်းစစ်ဆေးရာသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာအဖွဲ့ဝင်များ လိုက်ပါကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)