ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကျောက်တံခါး စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားနေသဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ လူနေထူထပ်သည့်  လမ်းဆုံ လမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့ စက်၊ Hand Speaker တို့ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌ သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊  အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ‌ရှောင်ကြပါ၊ တစ်ခုခု ကိုကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင် လေထွက်မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင် လေထွက်ရှိအောင် လုပ်ကြပါရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန် လိုက်နာရ မည့်အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

စန်းစန်း