မုဒုံ စက်တင်ဘာ ၁၈
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် ပြည်သူများအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်သကဲ့သို့ ကာကွယ်ဆေး၏ အာနိသင်သည်လည်း အကျိုးသက်ရောက်မှု ရှိသည့်အတွက် လူတိုင်းထိုးနှံသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အပိုင်းတွင် အဓိကကျသည့်အတွက် ကာကွယ်ဆေး ထိုးနှံထားသူဖြစ်ပါက ၎င်းထံမှ ရောဂါပိုး ထွက်ရှိမှုနှုန်း နည်းပါးမှာဖြစ်ပြီး ရောဂါကူးစက်မှုနှုန်း လျော့နည်းမည်ဖြစ်ကာ ရောဂါ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာ မခံစားရမှုနှင့် အသက်ဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်မှာ ဖြစ်ပါသည်။
မွန်ပြည်နယ် မုဒုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူများ၏ စကားသံများကိုလည်း ပြန်လည်မျှဝေ ဖော်ပြအပ်ပါသည်။
မချိုမာထွန်း (တော်ကူး/တံခွန်တိုင်ကျေးရွာ၊ မုဒုံမြို့နယ်)
ဖြစ်တာကတော့ သုံးလေးရက် ခေါင်းထိုးကိုက်တယ် အဲ့ဒါဖြစ်မှာလဲ မသိဘူးလေ ဒါမဲ့ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကို မယုံကြည်လို့ အိမ်မှာတစ်ယောက်ထဲ သီးသန့်နေလိုက်ပါတယ်၊ အပြင်လဲမထွက်ဘူး အဲ့လိုဖြစ်ပြီးတော့ လေးရက်မြောက်မှာ အနံ့ပျောက်လာတယ်၊ ခုနှစ်ရက်မြောက်မှာ ကျေးရွာမှာရှိတဲ့ ဆေးခန်းမှာ ကိုဗစ်ရောဂါ ရှိ/မရှိ သွားစစ်လိုက်ပါတယ်၊ စစ်တော့ ( Positive) အဖြေထွက်ပါတယ်၊ မုဒုံဆေးရုံရောက်တော့ တစ်ခါ ပြန်စစ်ရပါတယ်၊ သြဂုတ်(၂၄)ရက်မှာ အတည်ပြုလူနာဖြစ်တော့ ဘဲရမ်းကျေးရွာမှာရှိတဲ့ ကိုဗစ်စင်တာမှာ နေခဲ့ရပါတယ်။ ကျန်းမာရေးအပိုင်းကိုတော့ စင်တာမှာရှိတဲ့ ကျန်းမာရေး ဆရာမတွေပြောတဲ့အတိုင်း အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်တယ်၊ မနက်ဆို နေလှုံတယ်၊ အစားကိုဝင်အောင်စားတယ်၊ရေ များများသောက်တယ် ဆိုးဆိုးဝါးဝါးတော့ မဖြစ်ခဲ့ဘူး နောက်ပြီး ဒီကိုဗစ်စင်တာမှာလည်း လိုအပ်သည့် ဆေးဝါးတွေ အခမဲ့ပေးပါတယ် အကုန်ကူညီစောင့်ရှောက်ပေးတယ် ကျွန်မကလောလောဆယ် ကိုဗစ်ကာကွယ်ဆေးကို မထိုးရသေးပါဘူး ဆေးထိုးဖို့ အခွင့်အရေးကြုံလာတဲ့အခါ ကာကွယ်ဆေးကို ထိုးချင်ပါတယ်ရှင်။
ဒေါ်ဝင်းကြည် (သိမ်ကုန်းရပ်၊ ကမာဝက်မြို့၊ ကျေးလက်သားဖွားဆရာမ)
ကျွန်မ သြဂုတ် ၂၂ ရက်နေ့ ကစပြီးတော့ နေမကောင်းဖြစ်ပါတယ်၊ ကိုယ်ပူတယ်၊ ချောင်းဆိုးတယ်၊လည်ချောင်းနာတယ်၊တစ်ကိုယ်လုံး ကိုယ်လက်ကိုက်ခဲတယ်၊ခေါင်း တစ်အားကိုက်တယ် စတာတွေအကုန်ဖြစ်ပါတယ်။ ကျွန်မ လူနာတွေကုသပေးနေရာက နေ ကူးစက်တယ်ပေါ့လေ ရောဂါဖြစ်လာရင်တော့ အစာကိုမစားချင်စိတ် ဖြစ်သည်ရှိ သော်လည်း ကိုယ့်ဟာကိုယ် ကြိုးစားပြီးတော့ စားပါတယ်၊ အစာကို များများစားပေးပါ ရေကိုလည်း များများသောက်ပေးပါ ရောဂါဖြစ်ပွားနေသည့်အချိန် အဲ့တာမှ ကျန်းမာပါ့မယ်၊ အသက်ရှည်မယ် ကျွန်မတို့မြို့နယ်မှာရှိတဲ့ ပြည်သူတွေ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ယုံယုံကြည်ကြည် ထိုးကြဖို့ ကျွန်မအားပေးချင်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်သာရထားမယ်ဆိုရင် ရောဂါဘယ်လောက်ပဲ အခြေနေဆိုးပါစေ အောက်ဆီဂျင်မကျဘူး၊ အောက်ဆီဂျင်ပေးရမည့်အဆင့်ကိုလည်း မ ရောက်ဘူး ကျွန်မ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အခံရှိနေတာတောင် ကာကွယ်ဆေးနှစ်ကြိမ် ရထားသည့်အတွက် ကျွန်မရောဂါကူးစက်ခံရတာ အသက်ဆုံးရှုံးရသည်အထိ မဖြစ်တော့ဘူး ကိုယ့်အသက်ကို ကိုယ်ကာကွယ်နိုင်ပါပြီ။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို နှစ်ကြိမ်အပြည့် အခွင့်ရေးကြုံသည့်အခါ ထိုးနှံကြဖို့ ကျွန်မအား ပေးချင်ပါတယ်ရှင်။
တွေ့ဆုံမေးမြန်းသူ/သတင်း - အောင်မျိုးသူ