ပွင့်ဖြူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ဝန်ဆောင်မှု ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ ရွှေဘုံသာဘုရား ဓမ္မာရုံသို့ သွားရောက်ပြီး ရပ်ကွက်နေပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူးက ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း၏ အသုံးဝင်မှုများ ၊ မပျောက်ပျက်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများ ၊ ကလေးမွေးတိုးစာရင်း ထည့်သွင်းလိုသူများနှင့် အသေစာရင်းပယ်ဖျက်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် အထောက်အထားများ စိစစ်၍ နေ့ချင်းပြီး အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ပေးခြင်းကို လူဦးရေ ၃၉၀၀ လျာထား ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်လျာထားဦးရေ ပြည့်မီရေးအတွက် ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများအား စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)