ပွင့်ဖြူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာနှင့် လက်ယက် ကျေးရွာတို့တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် နှစ်ရွာတစ်ယူနစ် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် စက်တင်ဘာ ၁၈ ရက်၊ ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆဋ္ဌမနှစ်စက်ဝန်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံများက မြစိမ်းရောင် စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းချက်များ၊ ငွေစာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ထားရှိရန်ကိစ္စများ ၊ စီမံကိန်း ချေးငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် လိုက်နာရမည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို အလေးထားလိုက်နာဆောင်ရွက်သွားကြရန်တို့ကို ရှင်းလင်း ဆွေးနွေး မှာကြားခဲ့သည်။
ထို့နောက် ကျေးရွာစီမံကိန်းအသင်းသား၊ အသင်းသူများက ဆဌမနှစ်စက်ဝန်း မြစိမ်းရောင် စီမံကိန်း ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝင်ငွေတိုးလုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများက ပြန်လည် ရှင်းလင်းဖြေကြားပေးပြီး ချောင်းဆုံကျေးရွာနှင့် လက်ယက်ကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေ တိုးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅၁ ဦး ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦး ၊ စုစုပေါင်း စီမံကိန်းအသင်းသားဦးရေ ၁၆၄ ဦးအတွက် ဆဋ္ဌမနှစ် စက်ဝန်း စီမံကိန်းရန်ပုံငွေကျပ် ၄၆၃ သိန်း အား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချ နိုင်ရေးအတွက် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် စီမံကိန်း အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေကျပ် သိန်း ၃၀၀ စီ ထုတ်ချေးပေးပြီး ဒေသဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာပေါင်း ၃၉ ရွာ အထိ တိုးချဲ့ ဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေး မောင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး)