ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ထိုးနှံပေးလျက်ရှိ

ကျိန္တလီ    စက်တင်ဘာ    ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပထမအကြိမ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများထဲမှ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်း စုရပ်တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် ကျိန္တလီမြို့ နယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ ဒုတိယအကြိမ် ထိုးနှံရန်ရောက်ရှိလာသော ပြည်သူများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ကျိန္တလီမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုများ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသာ ပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေရန် အုပ်ချုပ်ရေးမှူးများက တိုကင်နံပါတ်များဖြင့် စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၆၅)နှစ်အထက် ပြည်သူ(၁၈)ဦး၊ Volunteer (၂)ဦး၊ နိုင်ငံ့ ဝန်ထမ်း(၃)ဦး၊ တည်းခိုခန်းဝန်ထမ်း(၂)ဦး၊ ဈေးသည်(၅)ဦး စုစုပေါင်း ပြည်သူ(၃၀)ဦးကို ထိုးနှံပေး နိုင်ခဲ့ကြောင်း ကျိန္တလီမြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခိုင်မိုးမင်း (ပြန်/ဆက်)