ပုဏ္ဏားကျွန်း စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသက်(၁၈)နှစ်အထက်ရှိ မသန်စွမ်းသူများနှင့် အသက်(၅၅)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ပုဏ္ဏားကျွန်း မြို့နယ်အတွင်း သတ်မှတ်ထားသော စုရပ်နေရာများ၌ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြပြီး၊ လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အသက်(၅၅)နှစ်အထက်ရှိ ပြည်သူများ၊ အသက်(၁၈)နှစ်ပြည့်သည့် မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါသည်များလည်း ပါဝင်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် လောကမာရဇိန်ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံ၊ သဲတက် ကျန်းမာရေးဌာန၊ ကွန်းတောင်ကျန်းမာရေးဌာန၊ အလယ်ချောင်း ကျန်းမာရေးဌာနနှင့် ပိုးရွှီပြင်တိုက်နယ် ဆေးရုံတို့တွင် ယခုအကြိမ်၌ ကာကွယ်ဆေးထိုးနှံပြီးစီးသူ(၅၆၉)ဦးရှိပြီး၊ ဆေးထိုးစုရပ် နေရာများတွင် ကျန်းမာရေး ဝန်ထမ်းများ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ Volunteer ပရဟိတလူမှုရေး အဖွဲ့အစည်းများက လိုအပ်သည့် နေရာများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)