ဖောင်းပြင် စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံခြင်းကို ဆေးထိုးစုရပ်(၇)နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့တွင် ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ်(၈၇) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အင်ကြင်းမြိုင် ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ မူလတန်းလွန် ကျောင်းတို့၌ မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၃)ရွာတို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို များကို ဦးစားပေးအဆင့် သတ်မှတ်၍ ဘာသာရေးကျောင်းများ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတို့အား ပထမအကြိမ်ထိုးနှံခဲ့သည့် စာရင်းများအတိုင်း ထိုးနှံလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာမှာ အမှတ်(၈၇)ကျောင်း၌ (၆၄၇)ဦးကို လည်းကောင်း၊ အမှတ်(၃)ကျောင်း၌ (၅၀၂)ဦးကို လည်းကောင်း ယနေ့တွင် အပြီးထိုးနှံသွားမှာ ဖြစ်သည်။
ဆက်လက်၍ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျေးရွာများကို ဆေးထိုးစုရပ်များအလိုက် ကွင်းဆင်းကာ ယခုလ ၂၀ ရက်နေ့အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရာမှာ ကာကွယ်ဆေး ထိုးနှံပေး နိုင်သူဦးရေ (၂၉၆၄)ဦးရှိကာ ဒုတိယအကြိမ်ထိုးနှံရာတွင် ယခင်လူဦးရေ စာရင်းအတိုင်း ဆက်လက်ထိုးနှံ သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး မြို့နယ်ကော်မတီက တာဝန်ရှိသူထံမှ သိ ရသည်။
ယခုလိုကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာနဝန်ထမ်းများက ထိုးနှံပေး လျက်ရှိပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ပရဟိတအသင်းများက ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိရာ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က ကြီးကြပ်ကာ ပေါင်းစပ်ညှိနှိုင်း ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)