စလင်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်လအတွက် လူမှုရေးပင်စင်များကို ယမန်ရက်နေ့ နေ့လည် ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားခန်းမဆောင်၌ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အသက်ကြီးဘိုးဘွားများထံ လွှဲပြောင်းပေးအပ် ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး ရည်ရွယ်ပြီး (၃)လ တစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ယခု ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဧပြီ၊ မေ၊ ဇွန်လအတွက် တစ်လလျှင် ထောက်ပံ့ငွေ ကျပ်တစ်သောင်းနှုန်းဖြင့် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက်ဘိုးဘွား ၆၆၅ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၉၉၅၀၀၀)အား အဘိုးအဘွားများထံ ထောက်ပံ့ပေး နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေလင်းနိုင်ထံမှသိရှိရသည်။ ထိုထောက်ပံ့ ငွေများကို ယနေ့ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရပ်ကွက်ကျေးရွာအုပ်စု ၁၁၀ ထဲမှ ၄၃ အုပ်စု အားပေးအပ်ခဲ့ရာ ဖောင်းလင်းကျေးရွာအုပ်စု အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဖောင်းလင်း ကျေးရွာအုပ်စုအတွင်းရှိ ငွေတောင်ကျေးရွာမှ သက်ကြီးဘိုးဘွား(၁၀)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကာ အဆိုပါ ကျေးရွာအုပ်စုတွင် သက်ကြီးဘိုးဘွား (၅၀)ဦးရှိပြီး အဘိုးအဘွားများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဖောင်းလင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအေးထံမှသိရှိရသည်။
မောင်လွင်