စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သံဃာတော်၊ သီလရှင်များနှင့် ဦးစားပေးအုပ်စု ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်း   စက်တင်ဘာ   ၁၇

စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်အထက် သံဃာတော်၊ သီလရှင်များနှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်နေသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အုပ်စုသုံးနေရာခွဲ၍ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏  ကြီးကြပ်မှုနှင့်အတူ ယနေ့ရက်၊ နံနက်ပိုင်းက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

"ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွင်း ဦးစားပေး အုပ်စုများဖြစ်သည့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ သံဃာတော်၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်များကို စုရပ်သုံးရပ်ဖြစ်တဲ့ မြို့တော်ခန်းမရယ် စည်းခုံကြီးဘုရားရှိ သာသနာ့ဗိမာန်တော်အတွင်းရယ်၊ သီတဂူအာယုဒါန ဆေးရုံတွေမှာ တစ်ပြိုင်တည်း ထိုးနှံပေးနေတာပါ ဩဂုတ်လဆန်းပိုင်းက ပထမထိုးနှံပြီးသူတွေကို အခုလ ၃၊ ၄၊ ၅၊ ၆၊ ၇ ရက်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပါတယ် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ ပြည်သူတွေကို အခုဆက်လက်ထိုးနှံပေးတာပါ" ဟု ခရိုင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးနေသလို ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက နှစ်(၇၀၀)အတွင်း နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်