ငပလီမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ငပလီ စက်တင်ဘာ ၁၇

ငပလီမြို့တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူနှင့် ဦးစာပေးအဆင့်အလိုက် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ငပလီမြို့ အမက(မူလွန်)ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံသေးသည့် အသက် (၅၅)နှစ်မှ (၆၆)နှစ်အတွင်းရှိသူများ၊ နာတာရှည်နှင့် မသန်စွမ်းသူများကို ဦးစားပေးအဆင့် ရှိသူများကို ကျန်းမာရေး ဝန်ကြီဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး လာရောက်ထိုးနှံသူများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမည်စာရင်း ရေးသွင်းပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးတွင်း အောင်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှသာ သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကာ ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည်ရှုခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် အသက် (၅၅)နှစ်မှ (၆၆)နှစ်အတွင်းရှိ ပြည်သူ(၂၉၀)ဦး၊ အသက်(၆၅)နှစ်နှင့်အထက် (၇၂)ဦး၊ မသန်စွမ်းသူ(၂)ဦး၊ နာတာရှည်နှင့် မကူးစက်ရောဂါ ရှိသူများ (၁)ဦး စုစုပေါင်း (၃၆၅)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရန်ငြိမ်း