မော်လမြိုင် စက်တင်ဘာ ၁၇
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အန္တရာယ်ကင်း အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရင်ပြင်တော် ပဌာန်းဓမ္မာရုံ၌ကျင်းပခဲ့ရာ ဆရာတော် အရှင်သူမြတ်တို့ထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ငါးပါးသီလခံယူကြပြီး ပဌာန်းကျမ်းမြတ်၊ ပရိတ်ရေအိုးနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်း၍ ရေစက်သွန်းလောင်း အမျှပေးဝေသည်၊၊
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံဖြူဇရပ်မြို့နယ် တောင်ဖလုကျေးရွာ လမ်းဦးစီးဌာနမှ သံဖြူဇရပ်- ကျိုက္ခမီလမ်း ၃ မိုင် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်းကို ညွှန်ကြားရေးမှူး (မြို့ပြ)က ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လမ်းများ ရေစီး၊ ရေလာ ကောင်းမွန်ရေး၊ ရေနုတ်မြောင်း စနစ်တကျ ဖောက်လုပ်ရေး လမ်းညွှန် မှာကြားသည်၊၊
ဆက်လက်၍ နှစ်ကိုင်းကျေးရွာသို့ ရောက်ရှိကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေ ရန်ပုံငွေဖြင့် တောင်ဝိုင်း ဘုရားလမ်း ပေ ၃၀၀၀၊ ရွာလယ်လမ်း ပေ ၁၂၀၀၀ ကတ္တရာခင်းခြင်းနှင့် ကျိုက္ခမီ- ကဒတ်ထောက် ပင်လယ်ကမ်းခြေပတ်လမ်း ၅ ဖာလုံ ကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးစီးမှုများကို ညွန်ကြားရေးမှူးက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စံချိန်၊ စံညွှန်းမီ ဆောက်လုပ်ရေး၊ ကျိုက္ခမီ-ကဒတ်ထောက် စက်စဲကမ်းခြေ ပတ်လမ်းဖြစ်စေရေး ဘဏ္ဍာရေးနှစ်များတွင် လျာထား ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်၊၊
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင် မြတ်ဘုရားအား ဖူးမြော်ကြည်ညိုကာ ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးအတွက် အလှူငွေများလှူဒါန်းပေး၍ ဘုရားမြေထိန်းနံရံပြင်ဆင်ထားမှု၊ ဘုရားဖူးပြည်သူများစိတ်အေးချမ်း သာစေရေး View Point ဆောင်ရွက်ထားရှိမှု၊ ၁၉၁၂ခုနှစ်တွင် မြေတိုင်းဦးစီးဌာန ပင်လယ်ရေ မျက်နှာပြင် နိမ့်/မြင့်ပြမြေတိုင်း မှတ်တိုင်ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ကိုဗစ်-၁၉အလွန် ကာလပြည်တွင်း၊ ပြည်ပဘုရားဖူးများ စနစ်တကျလေ့လာနိုင်ရေး၊ Water Sea Level လုံခြုံစွာနှင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားပြီး စက်စဲအခြေခံပညာ အထက်တန်း ကျောင်း၌ အလျား၉၀ပေ၊ အနံ၃၀ပေ RCနှစ်ထပ်အဆောက်အဦကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတို့၏ တင်ပြမှုအပေါ် ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ စေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး မှာကြားသည်။
ယင်းနောက် စက်စဲကျေးရွာ ဓမင်းဆိပ်ဥစားဘဲ မွေးမြူရေးခြံသို့ ရောက်ရှိပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သံဖြူဇရပ်မြို့နယ်အတွင်း ဥစားဘဲ မွေးမြူထားရှိမှု၊ ဘဲဥထွက်ရှိမှုများကို ရှင်းလင်းရာ ဝန်ကြီးချုပ်က မွေးမြူရေးအစားအစာ လိုအပ်ချက်များရှိပါက ပေါင်းစပ်ညှိနှိုင်းပေးရေး၊ ဒေသတွင်းဖြန့်ဖြူး ရောင်းချပေးရေးနှင့် ရိက္ခာပိုလျှံစေရေး ပူးပေါင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကြောင်း သိရသည်၊၊
ဇာဖြူဝင်း(ပြန်/ဆက်)