စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၉/၂၀၂၁) တက်ရောက်

မုံရွာ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၉/၂၀၂၁)ကို ယမန်နေ့ နံနက် နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင်   “ စစ်ကိုင်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ အထူးစစ်ဆေးခြင်း မြို့နယ် ၄ မြို့နယ်အား တာဝန်ရှိသူများက ပညာပေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ Stay at Home သက်မှတ်ထားသည့် မြို့နယ် ၆ မြို့နယ်ရှိ စစ်ဆေးမှုများကို များများစစ်ဆေးကာ ယခုထက်ပိုးတွေ့ရှိမှု လျော့နည်းအောင် အလေးထားဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကိုလည်း မြို့နယ်များတွင် လုံလောက်စွာ ထုတ်ပေးထားပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီများကလည်း မိမိတို့ဒေသခံ ပြည်သူများအတွက် စေတနာထား ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စာရင်းများ စနစ်တကျ ပြုစုရေးသွင်း ဆောင်ရွက်သွားကြပြီး ထုတ်ယူရရှိသည့် ကာကွယ်ဆေးများကို အမြန်ဆုံး ထိုးနှံသွားရန်လိုအပ်ပါကြောင်း   ” ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အောက်ဆီဂျင် ထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အောက်ဆီဂျင် ထုတ်လုပ်ရေး စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှုနှင့် အရေးပေါ်ထားရှိသည့် မီးစက်တို့အား ကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဆောင်ရွက်သည့်  အောက်ဆီဂျင်စက်ရုံရှေ့တွင် စတုရန်းပေ-၁၂၂၀၀ပေ ၆ လက်မထု ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုစစ် ဆေးကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)