ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေး

ရှားတော  စက်တင်ဘာ    ၁၇

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများအား သွေးပေါင် ချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးချို စသည့်ရောဂါများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင့်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းအောင်