တမူးခရိုင်၊ မြို့သစ်မြို့တွင် ချောင်းရေတိုက်စား၍ ပြိုကျသွားသော သစ်သားတံတားအား ယာယီသွားလာနိုင်ရေး ကိုယ်ထူ ကိုယ်ထဆောင်ရွက်

မြို့သစ် ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် လွန်ခဲ့သောလက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းသလား ချောင်းရေ တိုက်စားပြီး သစ်သားတံတား ပြိုကျသွားခဲ့ရာ ယာယီ သွားလာနိုင်ရေးအတွက် ရွာသာ‌ကျေးရွာနှင့် မွေလင်း ကျေးရွာမှ ဒေသခံများမှ ယနေ့နံနက်က ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်စိုက်မျောတုံးခံပြီး အပေါ်ကသစ်သားကြမ်းခင်း ခင်းပြီးတော့ ယာယီသွားလို့ရအောင် ဆောင်ရွက်တာပါ။ အခုက အကြမ်းထည်ပြီးသွားပြီ၊ မနက်ဖြန်လောက်ဆို ပြီးနိုင်မယ်ထင်တယ်ဟု ရွာသာကျေးရွာတာဝန်ခံမှ ပြောကြားသည်။

အဆိုပါ တံတားသည် မြို့သစ်မြို့နှင့် ရွာသာကျေးရွာကြားတွင်ရှိ၍၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တမူးမြို့နယ် ကျေးလက် ဦးစီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးရေး ရံပုံငွေဖြင့် တည်ဆောက်ခဲ့သော သစ်သားတံတားဖြစ်ပြီး ၂၀၁၅-ခုနှစ်၊ ရေကြီးမှု ကြောင့် ပေ ၆၀ ခန့်ပျက်စီးခဲ့ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရံပုံငွေဖြင့် ပြုပြင်တည်ဆောက်ခဲ့ သည့် သစ်သားတံတားဖြစ်ပြီး မိုးသန်းထန်စွာ ရွာသွန်း မှုကြောင့် ဇူလိုင် ၂၈ ရက်၊ နံနက် ၄ နာရီခွဲခန့်တွင် မြို့သစ် ဘက်ခြမ်း၌ အရှည်ပေ ၉၀ ခန့်ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)