အရာတော် စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များသည် အရာတော်မြို့နယ် ယမန်နေ့ နံနက် ၁၁ နာရီခွဲက အရာတော်မြို့နယ် မကျီးဇောက်ကျေးရွာရှိ အရာတော် ၂ မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံ ဦးခင်မောင်ထွေးက မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များသည် အရာတော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အရာတော်မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်တို့မှ အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များက တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံပေးအပ်ရာ တောင်သူများကိုယ်စား ကျောက်ပျောက်ကျေးရွာမှ တောင်သူ ဦးကြည်ဆန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ဝါးတန်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာသို့ သွားရောက်ကြည့်ရှုခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါက်တာ တင်မာမာဦးက ရှားစောင်း လက်ပက်နှင့် ရှားစောင်းပြသဒ်တို့၏ အသုံးဝင်ပုံကို သရုပ်ပြရှင်းလင်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
နွယ်နီမြင့်