ကဝ စက်တင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းနှင့်တင်ဒါချက်များ (စတုတ္ထ)အကြိမ် ကြမ်းခင်းစျေး ပြင်ဆင်ရောင်းချခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ (၃)နာရီက ကဝမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်မြင့်နိုင်က အင်းတင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကဝမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဖုန်းက အင်းတင်ဒါချက်များ လေလံတင် ရောင်းချခြင်း ဆိုင်ရာ စည်းကမ်းချက်များအား လည်းကောင်း ရှင်းလင်းပြောကြားပြီး အင်း/တင်ဒါ လေလံတင်ရောင်းချရေး အဖွဲ့ဝင်များက အင်း/တင်ဒါချက်များ လေလံတင် ရောင်းချမှုကို စတင်ခဲ့ရာ ကဝမြို့နယ်အတွင်းမှ ဒေသခံ ရေလုပ်သား (၁၄)ဦးတို့က အသီးသီးလေလံဆွဲ ဝယ်ယူခဲ့ကြသည်။
ယင်းအခမ်းအနားသို့ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ရေလုပ်သားကြီးများ တက်ရောက်ကြပြီး ညနေ (၄)နာရီတွင် ၂၀၂၁-၂၀၂၂ လုပ်ငန်းရာသီနှစ်အတွက် ဂရန်အင်းနှင့်တင်ဒါချက်များ (စတုတ္ထ) အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်