မင်းဘူး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ ဂေါ်ဆွမ်းလောင်း အသင်းဓမ္မာရုံတွင် ရဟန်း သံဃာနှင့် သီလရှင်အပါး(၂၀၀)အား နေ့ဆွမ်းများလောင်းလှူပြီး၊ စကုမြို့ရှိ အခြေခံ လူတန်းစားပြည်သူ (၁၀၀၀)ကျော်အား စားသောက်ကုန်(၄)မျိုးကို နှစ်နေရာခွဲ၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စကုမြို့ရှိ ဂေါ်ဆွမ်းလောင်းအသင်း ဓမ္မာရုံတွင် ရဟန်းသံဃာ အပါး(၁၆၀)နှင့် သီလရှင် အပါး(၄၀)တို့ကို နေ့ဆွမ်းများ လောင်းလှူခဲ့သည်။
ထို့နောက် မဟာဓမ္မိကာရာမစာသင်တိုက် ပဓာနနာယက မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဓမ္မသေန အမှူးပြုသော ပင့်သံဃာဆရာတော်များအား ဝါဆိုသင်္ဃန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို စုပေါင်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ပရိတ်တရားတော်များနာယူ ကြည်ညိုကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စကုမြို့ရှိ အခြေခံလူတန်းစား ပြည်သူ(၁၀၆၂)ဦး တို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အခြေခံ စားသောက်ကုန်(၄)မျိုးကို စကုမြို့အမှတ်(၁)ရပ်ကွက် ပဌမစာသင်တိုက်ကျောင်းဝင်းနှင့် မြို့လယ်ပုညရှင် ဓမ္မာရုံတို့၌ နှစ်နေရာခွဲ၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လှူဒါန်းပေးအပ် ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)