ဝါးခယ်မ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံး ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အရှည်(၆၀)ပေ၊ အကျယ်(၃၀)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း၊ မြစ်ကမ်းပါး အနီးတွင် နေထိုင်သောလူနေအိမ် (၁၀)လုံး၊ ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်းနှင့် မိသားစုဝင် ကျား(၂၁)ဦး၊ မ(၃၅)ဦး၊ စုစုပေါင်း (၅၆)ဦးတို့အား ရွှေလောင်း နယ်မြေ ရဲစခန်းမှရဲတပ်ဖွဲ့ ၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ဟင်္သာဒုံးကျေးရွာအုပ်စုတွင် ဟင်္သာဒုံး၊ ကံစု၊ ငှက်စု၊ ကုလားကျွန်း၊ ကူးတို့ဆိပ်သောင်၊ ကုလားကျွန်းသောင်၊ အရှေ့သောင်တန်း စသည့် ကျေးရွာ(၇)ရွာရှိကြောင်း၊ ကျေးရွာ အုပ်စုအတွင်း အိမ်ခြေ(၁၂၃၄)လုံး၊ အိမ်ထောင်စု(၁၂၄၉)စု၊ လူဦးရေ ကျား(၂၅၃၄)ဦး၊ မ(၂၆၆၁)ဦး၊ ပေါင်း(၅၁၉၅)ဦး နေထိုင်ပြီး ဟင်္သာဒုံးရွာမကျေးရွာတွင် အိမ်ခြေ(၁၈၈)လုံး၊ အိမ်ထောင်(၁၉၀)စု၊ လူဦးရေ ကျား(၃၇၅)ဦး၊ မ(၃၉၀) ဦး၊ ပေါင်း(၇၆၅)ဦးနေထိုင်ကြောင်းနှင့် ၎င်းကျေးရွာအုပ်စုသည် ဧရာဝတီမြစ်ကမ်းပါးအနီးတွင် တည်ရှိသောကြောင့် အလားတူမြစ်ကမ်း ပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)