ဝေါမြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမျိုးစိတ်ကောင်ရေ (၃)သိန်း စိုက်ထည့်

ဝေါ စက်တင်ဘာ ၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ဝေါမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှုလျော့ပါးစေရန်နှင့် ဒေသခံပြည်သူများငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်၍  တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိတ်ကောင်ရေ (၃)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနားသို့ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင် ၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်ကွက်ကဲရေးကော်မတီ ဥက္ကဋ္ဌဗိုလ်မှူးမျိုးဝင်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့် ဝန်ထမ်းများ၊ ပဲခူးမြို့ငါးသားပေါက်စခန်းမှ တာဝန်ခံ ဦးသူရမိုးအောင်နှင့် ဝန်ထမ်းများ၊မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဦးသိန်းရွှေနှင့် ဒေသခံရေလုပ်သားများ တက်ရောက်ကြပြီးပဲခူး-စစ်တောင်း တူးမြောင်းအတွင်း ငါးသယံဇာတဖူလုံစေရေး အတွက် ငါးမြစ်ချင်းကောင်ရေ(၃)သိန်း  စုပေါင်းစိုက်ထည့်ပေးခဲ့ကြသည်။

ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပဲခူးငါးသားဖောက်စခန်းမှလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ရွှေဝါငါးကြင်း ၊ ငါးခုံးမကြီး ၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်ထံမှ သိရသည်။

 

အောင်မြတ်လင်း (ပြန်ဆက်)