ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

 

စစ်တွေ  စက်တင်ဘာ  ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုံပတ်လမ်း ၃ ဒသမ ၈၂၂ ကီလိုမီတာအား ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၁ ခု၊ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၆၈၆ ဒသမ ၅၃၆ သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ကြည့်ရှုစဉ် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး(မြို့ပြ) ဦးထွန်းလင်းမော်က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းလိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ကွန်ကရစ်လမ်းခင်းနေမှုအား ကြည့်ရှုကြသည်။ စက်မှုဇုံပတ်လမ်း မှာ ၆ ဒသမ ၄၃၇ ကီလိုမီတာရှည်ပြီး  လက်ရှိတွင် အလျား ၃ ဒသမ ၈၂၂ ကီလိုမီတာ ကို အကျယ် ၃ ဒသမ ၆၆ မီတာ၊ အမြင့် ၁၇၅ မီလီမီတာ ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေပြီး လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း(CDD) ကျေးရွာတွင်းလမ်း အရှည် ၈၃၅ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား စီမံကိန်းထောက်ပံ့ငွေကျပ် ၁၄ ဒသမ ၇၃၃ သန်းဖြင့် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှူးအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေက လုပ်ငန်းဆောင်ရွက်မှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျေးရွာလူထုဗဟိုပြုစီမံကိန်း ကော်မတီများအား တွေ့ဆုံပြီး ကျေးရွာအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာတွင် မွေးမြူရေးလုပ်ငန်းရှင် ဦးစံကျော်လှ၏ နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး မွေးမြူရေးလုပ်ငန်းရှင်မှ နွားမွေးမြူရေးနှင့်ဆက်စပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ နို့ထွက်ရှိမှုအခြေအနေ၊ ဈေးကွက်အတွင်းတင်ပို့ရောင်းချမှုနှင့် နွားစာများရရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဒေသာကျေးရွာအုပ်စု၊ ပဒေသာကျေးရွာတွင် တောင်သူ(၇) ဦး၏ လယ်ဧက ၂၅ ဧကတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှော ထည့်သွင်းစံပြစိုက်ခင်းအားသွားရောက်ကြည့်ရှုအားပေးကြပြီး တောင်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် တောင်သူများက စိုက်ခင်းအတွင်း သွင်းအားစုအဖြစ်ထည့်သွင်းရန် ဓာတ်မြေဩဇာ လိုအပ်မှု အခြေအနေတို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် EM ဘိုကာချီသဘာဝ မြေဩဇာထုတ်လုပ်နိုင်ရန် အတွက် စပါးခွံ၊ ကြက်ချေး၊ မြက်ခြောက်၊ EM အနုဇီဝဖျော်ရည်၊ တင်လဲရည်တို့ ရောစပ်ပြီး လက်တွေ့ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးကြရာ  စိုက်ပျိုးရေးဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာတွင်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း(CDD) ကျေးရွာတွင်းလမ်း ကျောက်ချောခင်းခြင်း အရှည် ၅၉၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မနှင့် လမ်းပေါ်တွင် ရေနှုတ်ပြွန်တံတားငယ် ၆ စင်းတို့အား စီမံကိန်း ထောက်ပံ့ ငွေကျပ် ၉၇ ဒသမ ၁၇ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို သွားရောက်ကြည့်ရှုကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျေးရွာလူထုဗဟိုပြုစီမံကိန်း ကော်မတီများအား တွေ့ဆုံပြီး ကျေးရွာအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ တတိလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်းဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)