မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်လျက်ရှိရာ ၅၀ ရာခိုင်နူန်းခန့်ပြီးစီး

မင်းလှ  ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အောက်ဆီဂျင်စက်ရုံတည် ဆောက်ရေးကော်မတီများ ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင် စက်ရုံတည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅၀ ရာခိုင်နူန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံအဆောက်အဦးကို မြို့နယ်စေတနာရှင်ပြည်သူများ လှူဒါန်းငွေဖြင့် အလျား ၄၀ပေ၊ အနံ ၃၀ပေ၊အမြင့် ၁၅ ပေခန့် (Steel Structure) အမျိုးအစားတည် ဆောက်သွားမည်ဖြစ်ပြီး၊ အောက်ဆီဂျင်စက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအောက်ဆီဂျင်စက်သည် တစ်နာရီလျင်(၄၀)လီတာအိုး(၁၀)အိုးရရှိပြီး တစ်ရက်လျှင်(၄၀)လီတာအိုး(၁၅၀) အိုးအထက် ရရှိမည် ဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီးပါက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများ၊ ပြည်သူ့ဆေးရုံနှင့် အခြားနာမကျန်းလူနာများအတွက်လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် အခြားအနီးဝန်းကျင်မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပေါက်စ (မင်းလှ)