မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိရန် ၁၈၈ စင်တီမီတာ လိုသေးသော်လည်း မြေနိမ့်ပိုင်းဒေသများသို့ ရေများဝင်ရောက်လျက်ရှိ

မင်းဘူး ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယမန်နေ့ညနေ ၆ နာရီအချိန် တိုင်းထွာချက်များအရ ၁၅၁၂ စင်တီမီတာသို့ ရောက်ရှိပြီး စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၈၈ စင်တီမီတာ လိုသေး သော်လည်း ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာများ၊ မြစ်လယ်နှင့် ရွှေတပင် ကျေးရွာရှိ မြေနုကျွန်းများတွင် ရေများဝင်ရောက် နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေ မြင့်တက်မှုတွင် တစ်နေ့လျှင် ၁၆ စင်တီမီတာ မြင့်တက်လျက်ရှိပြီး ဧရာဝတီမြစ်ကမ်း တစ်လျှောက်မှ ထောက်ရှာပင် ကျေးရွာအုပ်စုရှိ ရွှေတပင်ကျေးရွာ၊ မင်းဘူးမြို့ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်များနှင့်  ရွာသာ၊ ထုံးမကျီးစသော ကျေးရွာများတွင် မြစ်ရေအများဆုံး မြင့်တက်လျက် ရှိသည်။

ထိုသို့ မြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများနှင့် ၎င်းတို့ မွေးမြူထားသော နွားများ၊ ဆိတ်များ၊ ဝက်များ၊ အခြားအိမ်မွေး တိရစ္ဆာန်များကို ရေလွတ်သည့် ကုန်းမြင့်ရာ နေရာများသို့ ရွှေ့ပြောင်း ထားရကြောင်း ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ထိုကဲ့သို့ မြစ်ရေတက်ခြင်းများမှာ နှစ်စဉ် စိုးရိမ်ရေ အမှတ်အထက်သို့ မြင့်တက်ခြင်း မဟုတ်ဘဲ ( ၂၀၀၄ ) ခုနှစ်၊ (၂၀၀၇) ခုနှစ်၊ (၂၀၁၆) ခုနှစ်များတွင် စိုးရိမ်ရေ အမှတ်အထက်သို့ မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ယမန်နေ့ညနေ ၆ နာရီ အချိန် တိုင်းထွာချက်များအရ ၁၅၁၂ စင်တီမီတာသို့ ရောက်ရှိပြီး တစ်နေ့လျှင် ၁၆ စင်တီမီတာ ၆ ဒသမ ၄ လက်မ မြင့်တက်လျက်ရှိကြောင်း မင်းဘူးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်အုန်းက ပြောသည်။

ဇေယျာထက် (မင်းဘူး)