ကျိုက်ထို ဩဂုတ် ၃၀
ကျိုက်ထိုမြို့နေ ကိုဗစ်-၁၉ကူးစက် ရောဂါဖြစ်ပွားနေသည့်လူနာများနှင့် အောက်ဆီဂျင် လိုအပ်သည့် လူနာများ အသုံးပြုနိုင်ရန် မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်ဝေးရပ်နီးအလှူရှင်များမှ စု ပေါင်း လှူဒါန်းသည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်သည် ရန်ကုန်မြို့မှ စက်ရုံတည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမ ဗုဒ္ဓ ရုပ်ပွားတော်အနီးရှိ ဘုရားသုံးဆူတောင်ပေါ်သို့ရောက်ရှိ လာပြီဖြစ်ကြောင်းသိရသည်။
ယင်းအောက်ဆီဂျင် ထုတ်ယူမည့်စက်အားစက်ရုံ ဖြစ်မြောက်ရေး ကော်မတီဝင်များက ဩဂုတ် ၂၈ ရက်နေ့တွင် ရန်ကုန်မြို့မှ သွားရောက် သယ်ဆောင်ကာ စက်ရုံတည်ဆောက်မည့်နေရာ အနီးတွင် ထားရှိ၍ အောက်ဆီဂျင် စက်ရုံအား လည်ပတ်နိုင်ရေးကို စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အောက်ဆီဂျင် ထုတ်လုပ်သည့် စက်သည် ၁ နာရီလျင် ၄၀ လီတာဆန့် အောက်ဆီဂျင် ၄ လုံး ထုတ်လုပ်နိုင်ပြီး နေ့စဉ် ၂၄ နာရီ ထုတ်လုပ်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသူ လူနာများနှင့် အောက်ဆီဂျင်လိုအပ်သူများကို အသုံးပြုနိုင်ရန်အခမဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း စက်ရုံဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
၀င်းမောင်(ကျိုက်ထို)