ရှားတောမြို့နယ်၌ မိုးသီးနှံမိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

ရှားတော သြဂုတ် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မိုးစပါးစိုက်ပျိုးမည့် တောင်သူ များအား မိုးသီးနှံ မိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တောင်ပိုင်း ရပ်ကွက် နတ်စင်ကွင်းတွင် ဆောင်ရွက်ခဲ့သည်။

စိုက်ကွင်းသရုပ်ပြပွဲတွင် လွိုင်ကော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော် က မိုးစပါးသီးနှံအထွက် တိုးစေရေးအတွက် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန် စိုက်ပျိုးရေး၊ မြေသြဇာကိုအချိုးကျချိန်ကိုက် စနစ်တကျသုံးစွဲရေး၊ စိုက်ပျိုးရေး စနစ်မှန်ကန်ရေး၊ ပြောင်းလဲ လာသည့် ရာသီဉတုနှင့်အညီ စပါးစိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများ သိရှိစေရေး အသိပညာပေး ပြောကြားပြီး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟိန်းသူထက်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြောင်း၊ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် တောင်သူများအနေ့ဖြင့် သီးနှံအထွက်တိုး စိုက်ပျိုးနည်းစနစ်ကို စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက စပါးအထွက်တိုး စိုက်ပျိုးနည်းစနစ်ကို ဆွေးနွေးပညာပေးလျက်ရှိရာ စပါးအထွက်တိုး စံပြစိုက်ကွင်းသရုပ်ပြပွဲကိုလည်း ပြသသွားမည် ဖြစ် ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ စပါးသီးနှံအထွက်တိုးစေရန် စိုက်ပျိုးရေး ဦးစီးဌာနက ပြသသည့် စနစ်ကို စိုက်ပျိုးသွားရန်လိုအပ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က မြေပြင်ချိန်၊ ပျိုးထောင်ချိန်၊ စိုက်ပျိုးချိန်များတွင် မြေသြဇာများကို ချိန်ကိုက်ချိုးကျ စနစ်တကျ သုံးစွဲသွားရန်လိုအပ်ကြောင်း၊ ပိုးမွားရောဂါကာကွယ်ရေးအတွက် ပိုးသတ် ဆေးများကို စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း၊ ဘောင်ပျိုးစိုက်နည်းစနစ်၊ စပါးအစွမ်းဖွင့် စိုက်နည်းစနစ်နှင့် ဆယ်တန်းတစ်တန်းလှပ် စိုက်ပျိုးနည်းစနစ်များအကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နတ်စင်ကွင်းတွင် စိုက်ပျိုးထားသောစပါးအစွမ်းဖွင့် စိုက်နည်းစံပြစိုက်ကွက်နှင့် ဆယ်တန်းတစ်တန်းလှပ် စိုက်ပျိုး နည်းစံပြစိုက်ကွက်ကို ကွင်းဆင်းပြသရာ တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး လွိုင်ကော်ခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဦးကျော်ကျော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်အောင် တို့ကတောင်သူ များ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

ထွန်းအောင်(ပြန်/ဆက်)