ကောလင်း သြဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင် ဆည်တိုကျေးရွာ ကျေးရွာသစ် လှုပ်ရှားမှုခန်းမ၌ ယနေ့ နံနက် ၉နာရီအချိန်က အခြေခံကျောင်းများ၊ ကျေးရွာရှိ မြေလွတ်မြေရိုင်းများတွင် School garden၊ Home gardenများ ဖော်ဆောင်စိုက်ပျိုးနိုင်ရေး တောင်သူနည်းပညာ သင်တန်းပေးခြင်းနှင့် မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက မိုးစပါးရာသီဖြစ်သည့်အတွက် မိုးစပါး အပင်စောင့်ရှောက်နည်း မှန်ကန်ရေးကို ဦးတည်သော နည်းပညာပေးခြင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်းက သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ တွဲဖက်သုံးစွဲရေး၊ မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများကို အကျယ်တဝင့် ရှင်းလင်းခဲ့သည်။
ထို့နောက် School garden၊ Home garden များ ဖော်ဆောင်စိုက်ပျိုးနိုင်ရေး မျိုးစေ့များဖြစ်သော ဗူး၊ ပဲတောင့်ရှည်၊ ရုံးပတီ၊ ခရမ်း၊ ငရုတ်၊ ကြက်ဟင်းခါး စသည့် မျိုးစေ့စုစုပေါင်း ၁၅မျိုးကို ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများ၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင် အဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများ စုစုပေါင်း ၅၀ဦး ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း