ထားဝယ် သြဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေး စင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် တတိယအကြိမ် သင်တန်းကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ပရဟိတ အဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော Volunteer များအား သင်တန်းပေးခြင်းသည် ယခုအကြိမ် အပါအဝင် (တတိယ) အကြိမ် ရှိပြီးဖြစ်၍ ထပ်မံပြီး ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ ပြည်သူလူထုများအတွက် ဆေးရုံကြီးနှင့် အောက်ဆီဂျင်စက်ရုံများတွင် အောက်ဆီဂျင် အရည်အခမဲ့ ဖြည့်ဆည်းပေးနေပြီဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းစဉ်အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးထားပြီးဖြစ်၍ လိုက်နာပေးကြရန် လိုအပ်ကြောင်း၊ သင်တန်းတွင် တာဝန်ရှိသူများက ပို့ချပေးသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ နားထောင်ပြီး စနစ်တကျ ကျင့်သုံးရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀) ဦးအား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ဘာသာရပ်၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ထားဝယ်)