ကိုဗစ်-၁၉ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် ဆန်တစ်ပြည် (၁၀၀၀)ကျပ်နှုန်းရောင်းချပေး

မင်းလှ သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ရှိဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန်အတွက်  မိုဘိုင်းကားဖြင့်ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်၍ အခြေခံစားကုန် ဆန်တစ်ပြည် လျှင်(၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ အခြေခံစားကုန်ဆန်များအား ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဈေးနှုန်းသက်သာစွာဖြင့်   အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်(၁၀၀၀)ကျပ်နှုန်းဖြင့် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရောင်းချပေးလျက်ရှိသည်။

အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်(၁၀၀၀)ကျပ်နူန်းဖြင့် ဩဂုတ် ၂၄ ရက်မှ စတင်ရောင်းချ ခဲ့ရာ ယနေ့ထိ ကြို့ကုန်း(၁)အုပ်စု (၁၈၆)စု၊ဇရစ်ချောင်းအုပ်စု (၁၆၆)စု၊ အမှတ် (၆)ဈေးချို တန်းလမ်းရှိ မြို့လယ်ဓမ္မာရုံရှေ့တွင် အိမ်ထောင်စုပေါင်း (၂၆၂)၊စစ်ကွင်းမြို့တွင် (၁၆၁)စု၊ အမှတ် (၇) ပြည်တော်သာရပ်ကွက်အတွင်း(၂၂၆)စုတို့အား ရောင်းချပေးနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ပေါက်စ(မင်းလှ)