မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့် အကောင်းဆုံးဆေးရုံဆုများ ချီးမြှင့်ပေးအပ်

မော်လမြိုင် သြဂုတ် ၂၆ 

မွန်ပြည်နယ် ကုသရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ်ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း လူနာများအားကာကွယ်၊ ကုသရေးလုပ်ငန်းများအပြင် ပုံမှန် ဆေးရုံလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့၌ ဆေးရုံလုပ်ငန်းများ အကောင်းဆုံး ဆောင်ရွက်ပေးနိုင်သည့် ဆေးရုံဆုများကို ရွေးချယ်ချီးမြှင့်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆေးရုံ(၉)ခုနှင့် တိုက်နယ်ဆေးရုံ (၂၉)ခုတို့၏  ဆေးရုံ အညွှန်းကိန်း  နှိုင်းယှဉ်ဖော်ပြချက်များတွင် ကိုဗစ်-၁၉  လူနာ တက်ရောက်ကုသမှု  အရေအတွက်ကို ထည့်သွင်းဖော်ပြခဲ့ရာ အကောင်းဆုံး စွမ်းဆောင်နိုင်သော သံဖြူဇရပ်မြို့နယ်ဆေးရုံနှင့် ပေါင်မြို့နယ် အလှပ်တိုက်နယ်ဆေးရုံတို့သည် အကောင်းဆုံးဆေးရုံဆုများ ရရှိကြသည်။

အဆိုပါ ဆုများရရှိသည့် သံဖြူဇရပ်မြို့နယ်ဆေးရုံသည် ကိုဗစ်-၁၉ လူနာ(၁၅၇၃)ဦးအား ကုသ ပေးခြင်း၊ လူနာတစ်ဦးအတွက် ပျမ်းမျှဆေးရုံတက်ရက်ပေါင်း (၃)ရက်ခန့်ရှိခြင်း၊ တစ်လအတွင်းလူနာ ခုတင်(၁)ခုကို လူနာဦးရေစုစုပေါင်း(၁၄)ယောက်သာ တက်ရောက်ကုသခြင်း၊ ခုတင်တစ်ခုတွင် လူနာမရှိသောရက်မရှိဘဲ ခုတင်အပိုများ ကြားထိုး၍  ကုသခြင်းများကြောင့်   ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်းမှာ အခြားမြို့နယ်ဆေးရုံများထက် များပြားသော်လည်း ဆေးရုံလုပ်ငန်းများအနေဖြင့် အကောင်းဆုံးဆောင်ရွက်နိုင်သည့်  ဆေးရုံတစ်ခုဖြစ်သဖြင့်  ရွေးချယ်ခြင်းဖြစ်ပြီး အလားတူ  ပေါင်မြို့နယ် အလှပ်တိုက်နယ်ဆေးရုံသည် HospitalPerformance အနေဖြင့် အကောင်းမွန်ဆုံး ဆောင်ရွက်နိုင်သော တိုက်နယ်ဆေးရုံဖြစ်သည့်အတွက် ဆုများကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာနန္ဒဝင်းက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။