ပွင့်ဖြူ ဩဂုတ် ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ကန်ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် မပျောက် ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းစနစ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ကျေးရွာရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းအား အထောက်အထားများ စိစစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တစ်ဦးချင်းအလိုက် အခမဲ့ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေသည့် ကာလဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသော ဒေသခံပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ပြုလုပ်နိုင်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် သွားလာရေးအခက်အခဲဖြစ်သော ကျေးရွာများအား ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )