မင်းဘူး ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စားသက်ကြီးဘိုးဘွား မိဘပြည်သူများအတွက် ပင်စင်လစာငွေများကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့ နံနက် ၆ နာရီခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပင်စင်လစာများမထုတ်ပေးမီ ကျောင်းအဝင် လက်ဆေးဘေစင်များ၌ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှားခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခြင်း စသည့် ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းချက်များကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးဆောင်ရွက် နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပင်စင်ထုတ်ပေးနေမှုနှင့် ပတ်သက်၍ မင်းဘူးမြို့ မြန့်မာ့စီးပွာရေးဘဏ် မန်နေဂျာ ဒေါ်အေးအေးကြိုင်က “ပင်စင်စားမိဘပြည်သူတွေ ပင်စင်လာရောက်ထုတ်ယူတဲ့အခါ ကျယ်ကျယ် ဝန်းဝန်းနဲ့ လေဝင်လေထွက်ကောင်းပြီး အရိပ်အာဝါသကောင်းကောင်းနဲ့ နားခိုရင်းထုတ်လို့ရအောင် စာသင်ကျောင်းထဲမှာ ထုတ်ပေးမယ်လို့ ကြိုတင်ကြေညာခဲ့ပြီးတော့ အခုလိုထုတ်ပေးခဲ့တာပါ။ မင်းဘူး(စကု)မြို့နယ်အနေနဲ့ ပင်စင်စားဦးရေ စုစုပေါင်းက (၂၈၀၀)ကျော်ရှိပြီး တစ်ရက်ပျမ်းမျှဦးရေ (၃၅၀)ကျော်ကို နံနက် ၆ နာရီခွဲကနေ ၁၁ နာရီအချိန်အထိ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ နောက်လ တွေမှာလည်း ကိုဗစ်ကာလ စာသင်ကျောင်းတွေ မဖွင့်ဖြစ်သေးဘူးဆိုရင်တော့ ကိုဗစ်-၁၉ လမ်းညွှန် ချက်တွေနဲ့အညီ အခု အ.ထ.က(၁) ကျောင်းထဲမှာပဲ ဆက်လက်ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
အဆိုပါ ပင်စင်လာရောက်ထုတ်ယူသူများအားလုံးကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် အဖွဲ့ဝင်များက စတုဒီသာအဖြစ် ကြက်သားဆန်ပြုတ်များဖြင့် လှိုက်လံဝေငှပြီး ဧည့်ခံကျွေးမွေးခဲ့ပြီး ဩဂုတ်လ ၁၄ ရက်(မနက်ဖြန်) တွင်လည်း စစ်မှုထမ်းဟောင်းအဖွဲ့မှ စတုဒီသာများဖြင့် ဆက်လက် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်