လက်ပံတန်းမြို့နယ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen အိုးများအား ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်လျက်ရှိ

လက်ပံတန်း ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်  ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သော ကိုဗစ်-၁၉ ရောဂါ positive လူနာများနှင့် ဆေးရုံတက်ရောက် ကုသနေသော အခြားရောဂါသည် လူနာများအား အဆင်ပြေလွယ်ကူစွာ အောက်ဆီဂျင်ပေး နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen အိုးများအား  ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်နေမှုများကို ယမန်နေ့က မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအထောက်အကူပြု အဖွဲ့တို့မှ သွားရောက်ကြည့်ရှုခဲ့ကြသည်။

လက်ပံတန်းမြို့နယ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen  အိုး ၂၈ လုံးအား ဆေးမှုတ်ခြင်းနံပါတ်စဉ် တပ်ထားပြီး O2concentrator နှင့် F Meter များအား ဆေးရုံ သို့ တရားဝင်လွှဲပြောင်းပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း ပရဟိသမားများအား တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ Quarantine Centre များနှင့် ကိုဗစ်ကုသရေးစင်တာများသို့ သွားရောက်၍ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီပံ့ပိုးပေးနေသော စေတနာ့ဝန်ထမ်း ပရဟိသမားများအား တွေ့ဆုံ၍ အားပေးကာ လက်ရှိဆောင်ရွက်နေမှုများနှင့် ပတ်သတ်၍ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ် ပိုးတွေ့ရှိသူ စုစုပေါင်း ၃၁၅၇ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူပေါင်း-၂၈၅၉ ဦး၊ ယနေ့အထိ သေဆုံးသူပေါင်း-၇၉ ဦးနှင့် လက်ရှိ အတည်ပြုလူနာ-၂၁၉ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ဝင့်နန္ဒာဌေး