ကျောက်ဖြူ သြဂုတ် ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပရဟိတအသင်းအဖွဲ့တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်သည့် ဝန်ထမ်းများနှင့် ပရဟိတအသင်းဖြစ်သည့် ရက္ခိတရင်ခွင်သာရေး နာရေးအသင်းမှ အဖွဲ့ဝင်များ ပူးပေါင်းကာ လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများ၊ လမ်းဆုံ၊လမ်းခွနေရာများနှင့် ကားဂိတ်များသို့ သွားရောက်ပြီး ဆိုင်ခန်းအသီးသီးတွင် ဈေးရောင်းချနေသူများ၊ အငှားယာဉ်မောင်းနှင်နေသူများနှင့် လမ်းသွား၊လမ်းလာပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့်နှာခေါင်း စည်း(Mask)စနစ်တကျတပ်ဆင်နည်းများကို အသိပညာပေးများ ပြောကြားပြီး နှာခေါင်းစည်း (Mask) အခု ၁၀၀၀ ကျော်ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ ကြသည်။
ယင်းနောက် အဆိုပါဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက် ရမည့် စည်းကမ်းချက်များအားအသိပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များပါရှိသည့် အသိပညာပေး ဗီနိုင်းပိုစတာ ကားချပ်များအား အများမြင်သာသည့်နေရာများတွင် ချိတ်ဆွဲပြသခြင်းများကို ဆောင်ရွက်ခဲ့ကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း