ခင်ဦးမြို့၌ အသွားအလာကန့်သတ်မှု (၁၀) ရက်ထုတ်ပြန်

 

ခင်ဦး  ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဩဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ အသွားအလာကန့်သတ်မှု (၁၀) ရက် ထုတ်ပြန်ကြောင်း သိရသည်။

အသွားအလာကန့်သတ်ရာတွင် ရပ်ကွက်များအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မဖြစ်မနေ ဈေးဝယ်ထွက်ပါက တစ်အိမ်လျှင် တစ်ဦးသွားရောက်ရန်၊ နေအိမ်မှ ကျန်းမာရေးအရ မဖြစ်မနေ ထွက်ခွာရမည်ဆိုပါက လူနာတစ်ဦး၊ လူနာအကူတစ်ဦး၊ ယာဉ်မောင်းတစ်ဦး စုစုပေါင်း (၃) ဦးသာ ထွက်ခွာရန်၊ ဖြစ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ကြရန်နှင့် နေအိမ်ပြင်ပသို့သွားလျှင် ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေတတ်ရန် ပြင်ပထွက် ခွာချိန်ကို နံနက် ၅ နာရီမှ ၁၁ နာရီထိ နှင့် ညနေ ၄ နာရီ မှ ၆ နာရီ အထိ သတ်မှတ်ထားသည်။

ခင်ဦးမြို့အတွင်းရှိ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များနှင့် ပျံကျဈေးဆိုင်များ၊ ပါဆယ် စနစ်ဖြင့်ရောင်းချသော လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်နှင့် အခြေခံစာသောက် ကုန်ပစ္စည်းဆိုင်များ၊ အိမ်ဆိုင်များနှင့် အခြားဈေးဆိုင်များကို နံနက် ၅ နာရီမှ နေလည် ၁၁ နာရီ အတွင်းသာ ဖွင့်လှစ်ရောင်းချသွားရန်နှင့် နေ့ ၁၁ နာရီ နောက်ပိုင်းတွင် ဆေးဝါးပစ္စည်းအရောင်း ဆိုင်များနှင့်စက်သုံးဆီ အရောင်းဆိုင်များသာရောင်းချခွင့်ပြုပြီး မည်သည့်ဈေးဆိုင်မှ ဖွင့်လှစ် ရောင်းချခြင်းမပြုလုပ်ရန် ထုတ်ပြန်ထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံက သိရသည်။

စိုးဝေအောင်