ရေဦး ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် ၂၀၂၀ - ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ၌ မြို့နယ်တွင်းရှိ "KC" စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ(၄)ခုတွင် မိုးစပါး ၅၆၅၀၄ ဧက၊ ရာခိုင်နှုန်းအားဖြင့် ၆၄ ဒသမ ၅၇၆ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
“ယခုနှစ် မိုးစပါးရာသီမှာ စပါးစိုက်တောင်သူတွေ အဆင်ပြေလျက်ရှိပါတယ်၊ ဆည်ရေကလည်း ဖူလုံ၊ မိုးရေချိန်ကလည်း လုံလောက်တော့ အဆင်ပြေနေကြပါတယ်၊ မိုးစပါးရာသီမှာ သတိ ထားရမှာက စပါးဖျက်ခရုကောင် အန္တရာယ်ဖြစ်ပါတယ်၊ အဖျက်အားကြီးတယ်၊ ပေါက်ပွားမှုနှုန်း အားကောင်းပြီး မြန်တယ်၊ ခရုကို စနစ်တကျ နှိမ်နင်းပေးနိုင်ဖို့ သဘာဝခရုသတ်ဆေးကို ပြုလုပ်သုံးစွဲစေချင်တယ်၊ မိုးစပါးစိုက်ပြီးချိန်မှာ များသောအားဖြင့် ခရုကောင်တွေကို ညနေပိုင်း အစာရှာထွက်ချိန်မှာ များစွာတွေ့ရတယ်၊ စိုက်ပျိုးချိန်မှာတော့ အခြားပိုး ကျရောက် မှုမရှိသလောက်နည်းပါးပါတယ်၊ တောင်သူတွေ စပါးမစိုက်မီမှာ KC နယ်မြေတာဝန်ခံများက ပျိုးသက်နု ကောက်ကွက်ကျဲစိုက်နည်းစနစ်(SRI)၊ ဘောင်ပျိုးစိုက်နည်းစနစ် (BMP)၊ သိပ္ပံနည်း ကျ စိုက်ပျိုးနည်းစနစ် (GAP)၊ တောင်သူကျဲပက် စိုက်နည်းစနစ်(Broadcast)များ နည်းပညာ ပေးလျက် တောင်သူနှင့်အတူ ပါဝင်စိုက်ပျိုးပေးလျက်ရှိပါတယ်၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ စပါးအထွက်နှုန်းကောင်းမွန်ရေး၊ တစ်ဧကစပါးတင်း ၁၀၀ ထွက်ရှိရေး ထွက်ရှိရေး၊ စပါး အရည်အသွေး ကောင်းမွန်လျက် မျိုးကောင်းမျိုး သန့်စင်ထုတ်လုပ်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်၊ ယခုနှစ် မိုးစပါးလျာထားဧက ၈၇၅၀၀ ဧကဖြစ်ပါတယ်၊ " KC " စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာအလိုက်ဆိုလျှင် တမာတော စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတွင် ၁၇၀၆၆ ဧက၊ မုတ်စီစင်တာတွင် ၁၁၁၂၃ ဧက၊ ချမ်းသာစင်တာတွင် ၁၅၁၄၇ ဧက၊ ရေဦးကုန်း စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင် ၁၃၁၆၈ ဧက စိုက်ပြီးဖြစ် ပါတယ်၊ ဆည်ရေသောက်လယ်မြေနှင့် မိုးကောင်းသောက် လယ်မြေများဖြစ်သည့်အတွက် ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ရွှေသွယ်ရင် စပါးမျိုးများ စိုက်ပျိုးလျက်ရှိပါတယ်၊ မိုးစပါးကို လာမည့် စက်တင်ဘာလတွင် လျာထားချက်ပြည့်ဝစွာဖြင့် အပြီးစိုက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပြီးစပါး များ အထွက်နှုန်းအားဖြင့် တစ်ဧကစပါးအစိုတင်း ၁၀၀ ထွက်ရှိရေး စပါးမျိုးကောင်း မျိုးသန့် ထုတ်လုပ်နိုင်ရေး GAP စနစ်ဖြင့် စိုက်ပျိုးစေရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်မှာ မိုးကောင်းပြီး စိုက်ပျိုးရေ ဖူလုံစွာရရှိ၍ တောင်သူများ လယ်ယာလုပ်ငန်းခွင် အဆင်ပြေစွာ လုပ်ကိုင်နေကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှူးက ပြောသည်။
သန်းထိုက်(ရေဦး)