မော်လမြိုင် ဩဂုတ် ၂၂
မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ YMBA အသင်း ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းသည် ယနေ့နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ YMBAအသင်းမှ တာဝန် ရှိသူများနှင့်အတူ မော်လမြိုင်မြို့ အမှတ်(၅) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)တွင် နှစ်(၆၀)ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်မေတ္တာအခါတော်နေ့၊ YMBAအသင်းအမှုဆောင်အဖွဲ့ဝင် များနှင့် အလှူရှင်များမှ စုပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၅)တပ်မတော်ဆေးရုံ၊ ပြည်နယ်အထွေထွေရောဂါ ကုဆေးရုံကြီး၊ ကျိုက်မရောမြို့နယ်ပြည်သူ့ဆေးရုံများသို့အလှူငွေများ၊ ကြက်ဥနှင့်သောက်ရေ သန့်များ ပေးအပ်လှူဒါန်းသည်။
လှူဒါန်းပေးရာတွင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည်နှစ်(၆၀)ပြည့် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် မေတ္တာအခါတော်နေ့ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ပြည်နယ်အစိုးရ အဖွဲ့မှလိုအပ်သည်များ ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ စေတနာရှင်၊ အလှူရှင်များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများမှ အခြားလိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြောင်း၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ YMBA အသင်းမှလည်း ကိုဗစ်-၁၉ ရောဂါကာလ အတွင်း တပ်မတော် ဆေးရုံ၊ ပြည်သူ့ဆေးရုံများသို့ အလှူငွေများ၊ ကြက်ဥ၊ သောက်ရေသန့်များ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ရွှေနတ်တောင်၊ ရေသန့်စင် စက်ရုံဝင်းအတွင်း (၁) နာရီကို အောက်ဆီဂျင် (၄၀) လီတာ အိုးအလုံး (၅၀) ထုတ်ပေးနိုင်မည့် တန် (၂၀) ဆံ့ အောက်ဆီဂျင်(အရည်)စက်ရုံ တည်ဆောက် ပြီးစီးနေမှုကိုကြည့်ရှုစစ်ဆေး၍တာဝန်ရှိသူများအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားပြီး စက်ရုံတည်ဆောက် ပြီးစီးပါက လိုအပ်သည့် အောက်ဆီဂျင်များကိုမော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ တပ်မတော် ဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံးများနှင့် ပရဟိတ လူမှုကူညီရေးအဖွဲ့များသို့ လုံလောက်စွာ ပေးပို့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းတိုက် ဦးစီးပဓာန နာယက (ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိမလ အရှင်သူမြတ်အား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ကျန်းမာရေးသုံးပစ္စည်းများ ဆက်ကပ်လှူဒါန်းပေပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။