ပုသိမ် ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံ တန်ဆောင်းတွင် ယနေ့ နံနက် ၇ နာရီခွဲ အချိန်က (၆၉)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ကျင်းပ ပြုလုပ်သည်။ လှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရဖွဲ့ဝင် အတွင်းရေးမှူးတို့က ဆရာတော် သံဃာတော် အရှင်သူမြတ်များအား(၂၄၅၄၂၀၀ဝိ/-) တန်ဖိုးရှိ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ၊ သီလရှင်များအတွက် ဆပ်ကပ် လှူဒါန်းပြီး အနုမောဒနာ တရားတော်များ နာယူကြည်ညိုခဲ့ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Royal Lake ရေကန်တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှု သရုပ်ပြခြင်း အခမ်းအနားသို့ ရောက်ရှိပြီး အပျော်တန်း ငါးဖမ်းစက်လှေ တိမ်းမှောက်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ် ခြင်းနှင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခြင်း သရုပ်ပြမှု၊ ရေယာဉ်မီးလောင်မှုဖြစ်စဉ်တွင် စက်လှေပေါ်မှ ရေထဲသို့ ကြောက်လန့် ခုန်ချသူများအား ဂျက်စကီး၊ INTELLIGENCE Lifebouy နှင့် Assault Boat တို့အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် Fire Boat ဖြင့် မီးငြိမ်းသတ် သရုပ်ပြခြင်း၊ ရေကြီးရေလျှံဒေသများတွင် ရေနစ်နေသည့်ပြည်သူ တစ်ဦးအား ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အထောက်အကူပြုပစ္စည်းမပါဘဲ (Man to Man) ကယ်ဆယ် သရုပ်ပြ ခြင်း Fire Boat ၊ INTELLIGENCE Lifebouy ၊ ဂျက်စကီးနှင့် Assault Boat တို့ဖြင့် စီတန်း၍ အလေးပြု တန်းဖြုတ် ထွက်ခွာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအဖွဲ့အား အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ကလက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက သရုပ်ပြပွဲအထိမ်းအမှတ်အလံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံသို့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ခင်းကျင်းပြသထားသည့် ခေတ်မီ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မြင့်ဟန်