ပုသိမ် ဩဂုတ် ၂၂
(၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၇:၃၀ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော် သံဃာ တော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာ တရားတော်များ နာယူကြည်ညိုကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆို သင်္ကန်းကပ်လှူပွဲတွင် ဝါဆိုသံဃာတော်များ၊ သီလရှင်များအတွက် လှူဒါန်းသည့် စုစုပေါင်း တန်ဖိုးမှာ (၂၄၅၄၂၀၀ဝိ/-)ကျပ်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Royal Lake ရေကန်တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများသရုပ်ပြခြင်း အခမ်း အနားသို့တက်ရောက်ကာ အပျော်တန်း ငါးဖမ်းစက်လှေတိမ်းမှောက်မှု ဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များမှ ရှာဖွေကယ်ဆယ်ခြင်းနှင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခြင်းသရုပ်ပြမှု၊ ရေယာဉ် မီးလောင်မှုဖြစ်စဉ်တွင် စက်လှေပေါ်မှ ရေထဲသို့ ကြောက်လန့်ခုန်ချသူများအား ဂျက်စကီး၊ INTELLIGENCE Lifebouy နှင့် Assault Boat တို့အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် Fire Boat ဖြင့်မီးငြိမ်းသတ်သရုပ်ပြခြင်း၊ ရေကြီးရေလျှံဒေသများတွင် ရေနစ်နေသည့်ပြည်သူ တစ်ဦးအား ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အထောက်အကူပြုပစ္စည်းမပါဘဲ(Man to Man) ကယ်ဆယ်သရုပ်ပြခြင်း၊ Fire Boat ၊ INTELLIGENCE Lifebouy ၊ ဂျက်စကီးနှင့် Assault Boat တို့ဖြင့် စီတန်း၍ အလေးပြုတန်းဖြုတ်ထွက်ခွာခြင်းများ ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ အဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းက လက်ခံရယူ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံသို့ သရုပ်ပြပွဲအထိမ်းအမှတ်အလံအား ပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်း များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်