ဝေါမြို့နယ်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် (၁၂) ဦးထပ်တိုး၊ စုစုပေါင်း ပိုးတွေ့သူ (၁၄၂၅) ဦး ရှိပြီဖြစ်

ဝေါ    သြဂုတ်    ၂၂

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းအထိ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏  Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေး ဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သူ့ဆေးရုံ၊ သူရဲသူမိန်တိုက်နယ်ဆေးရုံ၊ မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် ဝေါမြို့နယ် Quarantine Center (၃) ခုရှိ အနံ့ပျောက် သံသယရှိသူလူနာ (၁၃၇) ဦးအား Test Kit (RDT) ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၄၂၅) ဦးရှိပြီ ဖြစ်သည်။

၎င်းအပြင် ဆေးရုံမှဆင်းခွင့်ရသူ (၁၂၂၄) ဦး၊ ဆေးရုံလက်ကျန်လူနာ (၁၁၂) ဦးရှိပြီး ယမန်နေ့က မြစ်ကျိုးတိုက်နယ် ဆေးရုံလူနာ(၂) ဦး၊ ဝေါဆေးရုံဝင်းအတွင်း သေဆုံးပြီးရောက်ရှိသူ အမျိုးသမီးတစ်ဦး Test Kit(RDT) ဖြင့်စစ်ဆေးရာ Positive တွေ့ရှိခဲ့သည့်အတွက် ဩဂုတ်လ ၂၁ ရက်နေ့ထိ သေဆုံးသူစုစုပေါင်း (၈၉) ဦးရှိကြောင်း ဝေါမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)