ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေ၍  သတိပေးနှိုးဆော်

ဖောင်းပြင် ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ် အနီးတွင် ရောက်ရှိနေပြီး ဆက်လက်မြင့်တက်လျက်ရှိရာ ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ ညနေ ၅နာရီအချိန်က သတိပေးနှိုးဆော်ခဲ့သည်။

ဖောင်းပြင်မြို့နယ်တွင် ယနေ့နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် တစ်ပေခန့်အလိုတွင် ရောက်ရှိနေပြီး မြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်ရှိပါက မြေနှိမ့်ပိုင်း၌ နေထိုင်ကြသည့်  မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့်  ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ကာ ပြည်သူတို့၏ ပစ္စည်းဥစ္စာများ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး ထိုသို့ဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ကြိုတင်သတိပေး ကြေညာရခြင်းဖြစ်ကြောင်း၊ လက်ရှိရေအမှတ်၌ပင် မြို့ပေါ်ရပ်ကွက်အချို့၌ ရေများ ဝင်ရောက်နေပြီဖြစ်ကြောင်း ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်၏ ပြောကြားချက်အရသိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက ကြေညာရာတွင် ချင်းတွင်းမြစ်ရေသည် ဆက်လက် မြင့်တက်လာနိုင်ပါသည်။ လက်ရှိရေအမှတ်မှာ စိုးရိမ်ရေအမှတ်အနီးရောက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ ပြောင်းရွှေ့နိုင်သောပစ္စည်းများ ပြောင်းရွှေ့ထားကြပြီး ကျွဲ၊ နွား၊ မြင်းနှင့် အိမ်မွေးတိရစ္ဆာန်တို့ကို ကုန်းမြှင့်ရာသို့ရွှေ့ပြောင်း ထားကြရန်၊ အရေးပေါ်အကူအညီများ လိုအပ်မှုရှိပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားကြရန်ဟု ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့်တကွ ကြေညာခဲ့ကြောင်းသိရသည်။

ကိုထွန်း