ခန္တီးမြို့တွင် အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ခန္တီး   သြဂုတ်   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် Oxygen Plantစက်ရုံနှင့် ပတ်သက်သည့် အချက်အလက်စာရွက်စာတမ်းများအား စစ်ဗျူဟာအခြေချ (ခန္တီး) စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံက ပေးအပ်ရာခန္တီးခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နန်းမြတ်မြတ်မွှေးမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ Oxygen Plant စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းအတွက် အလှူငွေများထည့်ဝင်လှူ ဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြပြီးတက်ရောက်လာသည့် ဧည့်သည်တော်များမှ Oxygen Plant စက်ရုံစက်ပစ္စည်းများအား အမွှေးနှံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ထို့နောက် Oxygen Plant စက်စတင်လည်ပတ်မှုနှင့် Oxygen ထုတ်လုပ်ပေးနိုင်မှုအခြေအနေများအား တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ဖြိုးနိုင်မှ လိုက်လံ၍ ရှင်းလင်းပြသပေးခဲ့သည်။

အဆိုပါအောက်ဆီဂျင်စက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွက် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင်(၄၀)လီတာ ဝင် အောက်ဆီဂျင်အိုး (၄၈)လုံး ထုတ်လုပ်ပေးနိုင် မည်ဖြစ်သည်။ ယခင်ခန္တီးမြို့တွင် အသုံးပြုလည်ပတ်လျက်ရှိသည့် အောက်ဆီဂျင်စက်မှာ တစ်ရက် လျှင်(၄၀)လီတာဝင် အောက်ဆီဂျင်အိုး(၁၀)လုံးသာထွက်ရှိပြီး ယခုစက်မှာ(၄၈)လုံးထွက်ရှိသည့်အတွက် ခန္တီးမြို့နယ်အတွင်းသာမက နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများဖြစ်ကြသည့် လေရှီး၊ လဟယ်၊ နန်းယွန်းမြို့များရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပါက အောက်ဆီဂျင် လိုအပ်မှု အား ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒီဇိုင်း(ရတနာမြေ)