မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံအဆောက်အဦး တည်ဆောက်ရန် မြေသန့်မင်္ဂလာနှင့်ပန္နက်ရိုက် မင်္ဂလာကျင်းပ

အထက်မင်းလှ     ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံအဆောက်အဦးတည်ဆောက်ရန် မြေ‌နေရာအား မြေသန့်မင်္ဂလာနှင့်ပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၅ နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သတ်မှတ်မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်တက်ရောက်လာသူများကမဟာစည်ကျောင်းတိုက်  ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များက မြေသန့်မင်္ဂလာ တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက အောက်ဆီဂျင်စက်ရုံအ‌ဆောက်အဦး ဆောက်လုပ်ရန် ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအဆောက်အဦးကို မင်းလှမြို့နယ်ပြည်သူ့ ဆေးရုံဝန်းအတွင်းရှိ မြေနေရာ အလျား ၅၀ ပေ၊ အနံ ၃၀ ပေတွင်  အောက်ဆီဂျင်စက်ရုံအဆောက်အဦးအလျား ၄၈ ပေအနံ ၂၄ ပေ အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များမှ ပူးပေါင်း တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)