မယ်စဲ့မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြော်ငြာစဉ် လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး

မယ်စဲ့ ဩဂုတ် ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ကပ်ထားကြေညာပြီး ဩဂုတ် ၁၄ ရက်အထိ ထပ်တိုးကြေညာ သော်လည်း စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု သူ နည်းပါးသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦးဆောင်၍ ဌာနဆိုင်ရာ များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်းကာ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၁၄)ရွာသို့ အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းအချက်အလက် မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း အစရှိသည့် လုပ်ငန်းများကို ရပ်ကွက်များနှင့် ကျေးရွာများအရောက် အိမ်တိုင်ရာရောက် လိုင်လံစစ်ဆေးလျက်ရှိသည်။

မဲစာရင်းတွင် မိမိအမည်ပါမှသာ မဲပေးခွင့်ရရှိမည်ဖြစ်ရာ မဲပေးခွင့်မရှုံးစေရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိစေရေး မဲစာရင်းလာရောက်ကြည့်ရှုရန် အသံချဲစက်များဖြင့် လိုက်လံဆော်ဩခဲ့သော် လည်း ရပ်ကွက်နှင့်ကျေးရွာများတွင် မဲစာရင်းကို စိတ်ဝင်စား စွာ လာရောက်ကြည့်ရှုသူ နည်းပါးသည့်အတွက် ယခုလို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးရခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)