ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်အိတ် ၁၀၀၀ လှူဒါန်း

စစ်တွေ ဩဂုတ် ၂၁

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ကျားရုပ်ပရိ ယတ္တိစာသင်တိုက်နှင့် ဘောက်သီးစုရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် သံဃာတော်များကို ဖူးမြော်ကာ ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော်များအား  ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြ သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် ဝါတွင်းကာလအတွင်း ဆရာတော် သံဃာတော်များ ဆွမ်းခံမကြွရောက်နိုင်သည့်အတွက် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်း များသို့ ဆွမ်းဆန်တော်များ လှူဒါန်းခြင်းစသော သာသနာနုဂ္ဂဟ ကုသိုလ်များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဝါဆိုသံဃာများအတွက် လိုအပ်သော ဆွမ်းများဆက်ကပ်နိုင်ရေး စစ်တွေမြို့ပေါ်‌ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပေါ်ဆန်းမွှေး ဆန်အိတ် ၁၀၀၀ ကို လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော် သံဃာတော်များအား သွားရောက်ဆက်ကပ်ခြင်းဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်များက သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့  သွားရောက် ဆက်ကပ်လှူဒါန်းလျက်ရှိကြသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်မြို့နယ်လျှင် ကျပ်သိန်း ၂၀ စီ မတည်လှူဒါန်းပေးပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် လှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အလှူရှင်များပူးပေါင်း၍ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကောဇသက္ကရာဇ် ၁၃၈၃ - ခုနှစ်၊ ခရစ်နှစ် ၂၀၂၁ ခုနှစ်တွင် စစ်တွေမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၂၄ ကျောင်း၌ ရဟန်း၊ သာမဏေ ၂၃၃၆ ပါးနှင့် သီလရှင်ကျောင်း ၃၈ ကျောင်း၌ သီလရှင် ၂၉၉ ပါး ဝါဆိုလျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါ သံဃာတော်များနှင့် သီလရှင်များအတွက် ပေါ်ဆန်းမွှေးဆန်အိတ် ၁၀၀၀ ကို ဆက်ကပ်လှူဒါန်း နိုင်ခဲ့ကြောင်း သိရသည်။

တင်ထွန်း